Thursday, February 5, 2009

Introduction ( a fully human)

နှိုင်းဆမြော်မြင် လှိုင်းရောင်စဉ် http:\\mgpyinnyar.blogspot.com
ပဏာမ တင်ပြချက်
လေးစားအပ်သော စာဖတ်သူများ ခင်ဗျား
ကျွန်တော့်ရဲ့ ဒိုင်ယာရီနဲ့ အတွေးအခေါ်လေးတွေကို ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်၊အမှားအယွင်းနဲ့ ချို့ယွင်းချက်များ ရှိပါက ပြုပြင် အကြံပေးစေလိုပါတယ်။
စာဖတ်သူမိတ်ဆွေအနေနဲ့ သိပြီးသားအကြောင်းအရာများလည်းပါဝင်နိုင်ပါတယ်၊ ဒါပေမယ့်မသိတာ လေးတွေ ရှိမယ်ဆိုရင် ကျွန်တော် တို့ပူးပေါင်း ညှိနှိုင်းဆင်ခြင်မှုများပြုလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော်ပြောချင်တာက ယနေ့မျက်မှောက်ခေတ် ကမ္ဘာ့လူသားတွေ (အထူးသဖြင့် ခေတ်လူငယ် လူရွယ်တွေ) အတွက် အမှန်တကယ်လက်တွေ့ကျကျအသုံးတည့်နိုင်တဲ့ အတွေးအခေါ်ဒဿနနဲ့ သက်ဆိုင်ပြီး မှန်တဲ့အသိညဏ်နဲ့ အမြင်မှန်အတွေးမှန်အလုပ်မှန်ဖြစ်စေလိုတဲ့အပိုင်းဖြစ်ပါတယ်၊Globalization ဖြစ်လာတဲ့ ခေတ်မှာလူမျိုးမရွေး၊ဘာသာမရွေးရင်းနှီးတွေ့ဆုံနိုင်သလိုinternet ခေတ်မှာ ကွန်ပျူတာ online မှာလဲ ဆက်သွယ် ရင်းနှီးနိုင်ကြပါပြီ။
ဒီလိုခေတ်မျိုးမှာ ကျွန်တော်တို့ အကျိုးရှိစွာ အသုံးချနေထိုင်သွား တတ်ဖို့လိုပါတယ်၊လူသားတွေရဲ့ အသိညဏ်နဲ့ အတွေးအခေါ်မှန်တွေကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်၊ လူမျိုးစွဲဘာသာစွဲ၊ဓလေ့စွဲတွေနဲ့ ဘောင်ခတ်ထားမယ်ဆိုရင် အမြင်ကျဉ်း မြောင်းနေပါလိမ့်မယ်၊လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ရည်ရွယ်ပြီး Fully human ဖြစ်အောင် လူတစ်ဦးချင်းရဲ့ ပြည့်စုံသော လူသားဘ၀ person hood ကိုရရှိအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။လူသားတိုင်း လိုလားတဲ့ငြိမ်းချမ်းရေးနဲ့ စစ်မက်ကင်းရှင်းရေး၊ အကြမ်းဖက်မှု ပပျောက် ရေးအတွက်လည်း လူတစ်ဦးချင်းရဲ့အသိညဏ်မြင့်မားမှုနဲ့အတွေးအခေါ် မှန်ကန်မှုတွေက အထောက်အကူပြုပေး နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့လူ့သမိုင်းတလျှောက်ကိုခြုံပြီးပြန်ကြည့်မယ်ဆိုရင် သမိုင်းဦးဘုံမြေစံနစ်၊ ကျေးပိုင်ကျွန်ပိုင် စံနစ်၊ သက်ဦးဆံပိုင်၊ မြေရှင်ပဒေဿရာဇ်စံနစ် စသည်မှ အရင်းရှင်ဝါဒ၊ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည့်အမျိုးမျိုးသောစံနစ်နဲ့ဝါဒ တွေကိုဖြတ်သန်းခဲ့ကြပါပြီ၊သူ့ခေတ်သူ့အခါမှာ ပေါ်ပေါက်လာတဲ့ အဲဒီစံနစ်နဲ့ ၀ါဒတွေ အသီးသီးဟာသူတို့နဲ့တချိန်ကအံဝင်ခွင်ကျ ဖြစ်ခဲ့တာတွေရှိသလို ရေရှည်မှာ အသုံးမ၀င် တော့ဘဲ ကျဆုံးသွားရတာတွေလဲရှိကြပါတယ်၊တချို့လည်း အစွန်းရောက်ဝါဒ အဖြစ်နဲ့လွဲချော် အဆုံးသတ်ရ တာမျိုး လည်းရှိပါတယ်။

ဘယ်လိုပဲဖြစ်ခဲ့ပါစေ ယနေ့မျက်မှောက် ဈေးကွက်စီးပွါးရေး ခေတ်မှာတော့ လူသားအချင်းချင်း အသားရောင်မခွဲခြား၊ လူမျိုးမခွဲခြားဘဲ ဆက်ဆံဖို့လိုအပ်လာပါပြီ၊ ဒီမိုကရေစီဖေါ်ဆောင်ကြဖို့ လိုအပ်လာပါပြီ၊ ကျွန်တော့်အနေနဲ့ ပြောချင်တာက ပုဂ္ဂိုလ်စွဲ အယူဝါဒစွဲတွေမပါတဲ့ လူသားတွေရဲ့လွတ်လပ်သော အတွေးအခေါ် မှန်ကန်သောအသိညဏ်ကို ဘယ်လိုဖေါ်ထုတ် သင့်သလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အသိညဏ်ပညာရင့်ကျက်တဲ့ အတွေးအခေါ်ရှင်ကြီးတွေ ပညာရှိကြီးတွေ သိပ္ပံပညာရှင်ကြီး တွေ အမြောက်အများ ပေါ်ထွန်းခဲ့ပါတယ်၊ကျွန်တော်တို့ အရှေ့တိုင်းမှာ ဘီစီ ၅၀၀ ၀န်းကျင်မှာထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲက ကွန်ဖြူးရှပ်၊ဂေါတမဗုဒ္ဓစသည်တို့နဲ့အနောက်တိုင်းမှာလည်း ယေရှု၊ မိုဟာမက်၊ဘာထရန်ရာဆဲလ်၊ ယန်းပေါဆပ်စသည့်ပုဂ္ဂိုလ်တွေ၊သိပ္ပံခေတ်မှာ နယူတန်၊ သောမတ်အယ်ဒီဆင်၊ ဂရေဟမ်ဘဲလ်၊ ဒါဝင်၊ အိုင်းစတိုင်း စသည့် ပုဂ္ဂိုလ်တွေအသီးသီးထင်ရှားခဲ့ကြပါတယ်၊ သူတို့ဟာလူသားတွေအပေါ် ဘယ်လိုကောင်းကျိုးပြုခဲ့ကြသလဲ၊ လူသားဘ၀ကို ဘယ်လိုအဓိပ္ပါယ်ဖေါ်ဆောင်ခဲ့ကြသလဲ၊ ဒါတွေကို စူးစမ်း လေ့လာ ဆင်ခြင် ကြည့်သင့်တယ်လို့ ထင်ပါတယ်။
ခေတ်အဆက်ဆက် ယုံကြည်ကိုးကွယ်မှုသမိုင်းတွေမှာလည်း ကမ္ဘာဦးလူသားတို့ မီးကိုးကွယ်မှုခေတ်၊ တောတောင် ရေမြေ ကိုးကွယ်မှု၊ နတ်ကိုးကွယ်မှု၊ ယာဇ်ပူဇော်မှုခေတ်၊ထိုမှတဆင့် ယနေ့မျက်မှောက်ခေတ်မှာ ဘာသာကြီး(၄)မျိုး ယုံကြည်ကိုးကွယ်မှု အထိ အမျိုးမျိုးကွဲပြားခဲ့ကြပါတယ်၊

ဒါဟာ လူသားတွေရဲ့အသိညဏ်နဲ့ ခေတ်ကာလ ဒေသ ပယောဂ၊ပတ်ဝန်းကျင် မိရိုးဖလာ အစဉ်အလာ ဓလေ့ထုံးစံ စသည့်အချက်တွေပေါ်မှာမူတည် ပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်၊၂၀ရာစုနဲ့ ၂၁ရာစုခေတ် လူငယ်အချို့ဟာလည်း မိမိတို့ခေတ်မှာ မိမိတို့ အသိညဏ်နဲ့ နှိုင်းဆပြီး မိမိတို့ယုံကြည်ချက် အတိုင်း လျှောက်လှမ်းနေကြပါပြီ၊ရှေးခေတ် အတွေးအခေါ် ဒဿနတွေထဲက မိမိတို့နဲ့အသုံးတည့်တာလောက်ကိုသာ ရွေးချယ်သုံးပြီး၊ မလိုအပ်တာတွေကို လက်မခံကြတော့ပါဘူး၊ မျက်ကန်း ယုံကြည်မှုမျိုး မလုပ်ကြတော့ဟု ဆိုလိုပါတယ်၊ ဒါဟာ ပကတိ အစစ်အမှန် Realityကိုသာ လက်ခံယုံကြည်မှု သဘောတရားနဲ့သက်ဆိုင်ပါတယ်။
ကမ္ဘာကြီးရဲ့ ရာသီဥတု၊ရေမြေသဘာဝတွေဟာ အချိန်တိုင်းမရပ်မနား ပြောင်းလဲလှုပ်ရှားနေသလို၊ လူ့သမိုင်းဟာလည်း အစဉ်တိုးတက်ပြောင်းလဲ အသက်ဝင်လျှက်ရှိပါတယ်၊ကျောက်ခေတ်မှ ပညာခေတ် (knowledge age)ထိ အံ့မခန်းတိုးတက် လာခဲ့ကြပါတယ်၊သိပ္ပံနဲ့နည်းပညာပိုင်းမှာလျင်မြန်သော အရှိန်အဟုန်နဲ့ ခေတ်ကိုကျော်လွှားလျှက်ရှိပါတယ်ဒါဟာအသိညဏ်ပိုင်းဖွံ့ဖြိုး လျက်ရှိကြောင်းဖေါ်ပြနေခြင်းဖြစ်ပါတယ်၊မည်သူမျှ ခေတ်နောက်ပြန်မသွားချင်ကြပါဘူး၊ လူသားတွေရဲ့ တွေးခေါ်ကြံစည်မှု တိုင်းဟာလူသားအကျိုးပြုစေဖို့ ဖြစ်ပါတယ်၊ မသုံးတတ်ရင်ဘေး သုံးတတ်ရင်ဆေး ဆိုသကဲ့သို့ လူသားတွေရဲ့ အသိညဏ် ပေါ်မှာ မူတည်ပါတယ်။
ဒါကြောင့် လူသားတိုင်းမိမိတို့အသိညဏ်ကိုသာ အားထားယုံကြည်မှုပြုပြီးး မှန်ကန်တဲ့ အတွေးအခေါ် ရှိကြမယ်ဆိုရင် လူ့ဘောင်အဖွဲ့အစည်း အတွက် အကျိုးပြုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ မောင်ပညာ (၂၀၀၆ ခုနှစ်၊ဧပြီလ)

No comments:

Post a Comment